သုံးခွ ဇွန် ၂၈
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲ့ဒီနိုင်ငံရဲ့အနာဂါတ်ကို ပခုံးပြောင်းလွှဲယူမည့် လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဦးဆောင်မှုနှင့် စိတ်ဓာတ်ရေးရာ မြင့်မားခိုင်မာမှု စတဲ့အချက်များအပေါ်မှာ များစွာမူတည်ပါကြောင်း စသည်ဖြင့်ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူငယ်နှင့်စာဖတ်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်မှ အစားအသောက်နှင့်ကျန်းမာရေး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးခုပ်စွမ်းခိုင်မှ အားကစားမှရရှိသော အကျိုးးကျေးဇူးများအကြောင်းကို အသီးသီးဟောပြောခဲ့ကြသည်။ ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးခုပ်စွမ်းခိုင်က အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီးထံပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထား သော သုတ၊ ရသ စာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း