ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကိုမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇွန်လ (၂၅) ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ ခရိုင်ဦးစီးမှူးနှင့် သက်ဆိုင်ရာတိုင်း၊ ခရိုင်အင်ဂျင်နီယာအဖွဲ့သည် လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ဇီးပင်ဝဲကျေးရွာတွင် ရေကန်ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း အရှည်ပေ (၈၂၀)၊ အမြင့် (၅) ပေ၊ လက်ပန်ကျေးရွာတွင် ရေကန်အနက်နှိုက်ခြင်းလုပ်ငန်း အလျား (၉၅)၊ အနံ (၉၅) နှင့် အနက် (၃)၊ ကလီထော်အရှေ့ကျေးရွာ ရေကန်အနက်နှိုက်ခြင်းလုပ်ငန်း အလျားပေ (၁၈၀)၊ အနံပေ (၈၅) နှင့် အနက် (၃) ပေ၊ စာဘူးတောင်းအုပ်စု၊ ကျွဲအင်းကျေးရွာတွင် ရွှေရည်သန့် Co,Ltd မှ ဆောင်ရွက်လျက်ရှိသည့် တွင်းနက်တူးဖော်ခြင်း လုပ်ငန်းအကျယ် (၄) လက်မခွဲ၊ အနက်ပေ (၆၀၀) တူး ဖော်ခြင်းလုပ်များကို ကွင်းဆင်းစစ်ဆေးရာမြို့နယ် ဦးစီးမှူးနှင့်တာဝန်ခံ အင်ဂျင်နီယာတို့မှ လုပ်ငန်းများ လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးသည် လှည်းကူးခရိုင်နှင့် မြို့နယ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)