နေပြည်တော် ဇွန် ၂၇
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၇)ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ဗဟိုအဆင့်တွင် ဆုရရှိသူများနှင့် တိုင်းအဆင့်ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များ၊ ဆုရကျောင်းသား/ ကျောင်းသူများ၏ မိဘများတက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေနှင့်သာ ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမျိုးမဟုတ်ဘဲ နိုင်ငံတိုင်းသာမက တစ်ကမ္ဘာလုံးပါသက်ဆိုင်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အကျုံးဝင်ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးများကို ပြည်သူလူထုများ သတိပြုရှောင်ရှားနိုင်ရန်အတွက် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဒီနှစ်မှာကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၏ ဦးတည်ချက်နှင့်ပတ်သက်ပြီး ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂဆောင်ပုဒ်ကတော့ “The evidence is clear: Invest in Prevention” “မူးယစ်အန္တရာယ်ကင်းစင်ရေး ဘက်စုံကြိုတင်ကာကွယ်ပေး” ဆိုသည့်အတိုင်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲသူများ၏ စိတ်ဓာတ်ကြံ့ခိုင်ရေး၊ ကျန်းမာရေး၊ ဆေးသုံးစွဲမှုလျှော့ချနိုင်ရေးတို့အတွက် ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ အသိပညာပေးဟောပြောပွဲများ၊ ဆေးကုသရေး၊ ပြန်လည်ထူထောင်ရေး၊ ပြည်သူများအား အသိပညာပေးရေးတို့အတွက် မြေစိုက်ပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း၊ စာပေ၊ ဂီတ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးကင်းစင်သည့်နိုင်ငံ DRUG FREE NATION ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသလို မိမိတို့အနေဖြင့်လည်း နေပြည်တော်ကို မူးယစ်ဆေးဝါးကင်းမဲ့သည့်ဒေသ DRUG FREE REGION ဖြစ်လာစေရေး ဝိုင်းဝန်းကာကွယ်ကြဖို့ လိုအပ်ပါကြောင်း၊ လူသားများအားလုံး၏ ဘဝပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ပြီး ကျန်းမာပျော်ရွှင်သည့် လူ့အဖွဲ့အစည်းဖြစ်လာစေဖို့ ပြည်သူလူထု တစ်ရပ်လုံးက လက်တွဲညီညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှပေးပို့သည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီ နယ်မြေမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဖတ်ကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နေပြည်တော်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအားဆုများကိုလည်းကောင်း၊ အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)