ဒဂုံမြောက် ဇွန် ၂၇
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီက မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့်လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသိသတိဖြင့်ရှောင်ရှားကြရန်၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်း၀န်းကာကွယ်တိုက်ဖျက်သွားရန်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသခြင်းနှင့် ပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မြင့်မြင့်ရီ