မြစ်ကြီးနား ဇွန် ၂၆
ကချင်ပြည်နယ်အတွင်း စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျ ရှိစေရေးနှင့် ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေသည် ဒေသအတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချခွင့်ရရှိထားသည့် ကိုယ်စားလှယ်များ၊ ဆီကုန်သည်များ၊ အရောင်းဆိုင်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၂၆ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ကချင်ပြည်နယ်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခြင်းကို စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိစေရေး တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ် ဇွန်လမှ စတင်ပြီး ပြည်ပမှ စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချခြင်း စနစ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များအနေဖြင့် စားအုန်း ဆီများကို သတ်မှတ်ပေးထားသည့် ဈေးနှုန်းဖြင့်သာ ရောင်းချကြရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း (သို့မဟုတ်) ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင် ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကိုကိုဦးက ကချင် ပြည်နယ်အတွင်း စားအုန်းဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ခွဲတန်းရရှိမှု အခြေအနေများ၊ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် လက်လီ/လက်ကား ရောင်းချခြင်းများနှင့် စပ်လျဉ်း၍ အလေးထားလိုက်နာဆောင်ရွက်ရမည့် ဝန်ကြီးဌာန၏ အမိန့်နှင့် ညွှန်ကြားချက်များကို ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံစားအုန်းဆီ လက်လီ/ လက်ကား ရောင်းချမည့် ကိုယ်စားလှယ်များ၊ အရောင်းဆိုင်တာဝန်ရှိသူများက စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိ သည့် အခြေအနေများ၊ ရောင်းချမှုအပေါ် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အခက်အခဲ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက သက်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချ ရေး၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းဝယ်ဖောက်ကားကြရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)