ကျိုက်ထိုမြို့နယ်တွင် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စုပေါင်းဇာတ်တိုက် လေ့ကျင့်

ကျိုက်ထို ဇွန် ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ ကဒက်ချောင်းရေထိန်းတံခါး၌ ပြုလုပ်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် ကျိုက်ထိုခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဦးဇေယျာဦးမှ ဘေးအန္တရာယ်ဖြစ်ပွားခဲ့မှုအခြေအနေများနှင့် ဘေးမဖြစ်မီ၊ ဘေးဖြစ်ဆဲ၊ ဘေးဖြစ်ပွားပြီး စနစ်တကျဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝေယံအောင်မှ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်သတိပြုရမည့်အခြေနေများ၊ ဘေးလွတ်ရာယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခိုလှုံခြင်း၊ အန္တရာယ်ကျရောက်နေသူများအား နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်း၊ ဘေးလွတ်ရာသို့ ရောက်ရှိသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များကို ရှင်းလင်း‌ပြောကြားပြီး ကဏ္ဍအလိုက် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်း များပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်နှင့်မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်