ဒေါပုံ ဇွန် ၂၆
လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခိုင်ဝေဝေနှင်းက အားကစားနှင့်ပတ်သက်သည့် သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ရိုးရာခြင်းသရုပ်ပြအဖွဲ့မှ ခြင်းသရုပ်ပြဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက ခြင်းသရုပ်ပြအဖွဲ့အား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)