ကိုကိုးကျွန်း ဇွန် ၂၆
ရန်ကုန်တိုင်းဒေသေကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀)အချိန်တွင် ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းမင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်းများပြသရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကိုကိုးကျွန်းမြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းလွင်မှ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမှရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများအကြောင်းအား သိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခြင်း၊ မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)