ကျောက်ဆည်ခရိုင်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကျောက်ဆည် ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ညွှန်ကြားရေးမှုး(စီမံဘဏ္ဍ)ဒေါ်ဥမ္မာက အအေးပေးပစ္စည်းတွေမှာ အိုဇုန်းလွှာကိုပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေနဲ့ ကမ္ဘာကြီးပူနွေးလာမှုကို မြင့်မားစေတဲ့ ဒြပ်ပစ္စည်းများပါဝင်တဲ့အတွက် ကမ္ဘာနိုင်ငံများတွင် အအေးပေးဒြပ်ပစ္စည်းများ အသုံးပြုမှုကို ကန့်သတ်ထိန်းချုပ် သည့်သဘောတူစာချုပ်များချုပ်ဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်လည်း စာချုပ်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး လူထုလှုပ်ရှားမှုတစ်ရပ် အနေဖြင့်အမျိုးသားအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ခရိုင်၊မြို့နယ်များတွင် အထိမ်းအမှတ်လှုပ်ရှားမှုပွဲများ ကျင်းပလျက်ရှိကြောင်း၊ ရေခဲသေတ္တာနှင့် အအေးပေးပစ္စည်းများသည် လူ့အသုံးအဆောင်နှင့် လုပ်ငန်းခွင်များတွင် အသုံးဝင်သော်လည်း ထည့်သွင်းအသုံးပြုသည့်ဓာတ်ပစ္စည်းများသည် ကမ္ဘာ့လေထုပူနွေးမှုနှင့် အိုဇုန်းလွှာပျက်စီးမှုများ ဖြစ်ပေါ်စေကြောင်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလမင်းသန်းက “အပူချိန်ထိန်းညှိနည်းပညာတိုးတက်ရေးအလေးထားဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့၏ ရည်ရွယ်ချက်များ၊ အအေးပေးဓာတ်ပစ္စည်းများနှင့် အိုဇုန်းလွှာပျက်စီးမှု၊ အအေးပေးပစ္စည်းများ၏ အသုံးပြုနယ်ပယ်များအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး စုပေါင်းမှတ်တမ်းရိုက်ကူးခဲ့ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) အဆောက်အဦပြုပြင်ထိန်းသိမ်းမှုဌာနမှ အအေးပေးပစ္စည်းများအား လေ့လာခဲ့ကြောင်း သိရှိရသည်။

သက်မောင်