လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ကျင်းပ

လှည်းကူး ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများ ဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာဖတ်ခြင်းမှ ရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး စာပေချစ်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်များ ရရှိစေရန် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်သည်လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ ဦးစိုးသူ၊ ဒေါ်သင်းသင်းရွှေတို့က အဆိုပါ စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)