အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာဗဟိုမှ စီစဉ်ကျင်းပသော ၂၀၂၄-ခုနှစ် ဇွန်လ(၂၆)ရက်နေ့ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတစ်ဝှမ်းလုံး၌ တစ်ပြိုင်နက်တည်း ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွန်တော်တို့အနေနဲ့လည်း တစ်ထောင့် တစ်နေရာကနေ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်များစွာ လိုအပ်လှပါကြောင်း၊  မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူဖို့ လွှဲပြောင်းညွှန်ပို့ထားတဲ့ လူငယ်တွေကို မေတ္တာ စံအိမ်မှာထား ရှိတဲ့အတွက် သူတို့ကိုလည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆိုးကျိုးအန္တရာယ်တွေ၊ မူးယစ်ဆေး ဝါးနှင့် ပက်သက်ပြီးအသိသတိရှိဖို့အတွက် ယခုလို အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မေတ္တာစံအိမ်တွင် ခေတ္တရောက်ရှိနေသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချေချစ်ာက အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် ပက်သက်ပြီး လူငယ်လူရွယ်များ သိသင့်သိထိုက်သည့် ဆိုးကျိုးအန္တရာယ်များ အကြောင်းတို့နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး စာရေးဆရာ အလင်းဆက် (IR)မှ လူငယ်နှင့် အနာဂါတ်၊ လူငယ်နှင့် လှပသောဘဝကို ထုဆစ်ခြင်း၊ လူငယ်နှင့် ကိုယ်ကျင့် တရား စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ဒီနေ့ကလည်း ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့လည်း ဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်အနေနဲ့ ဒီနေ့မှာ မူးယစ်ပြန်ထူအသင်းမှာ လာရောက်ဟောပြောဖြစ် တာပါ။ လူငယ်တွေအတွက် အပြုအမူဆိုင်ရာ ပြောင်းလဲခြင်း Behavior Change အကြောင်းကို လာရောက်ဟောပြောတာပါ။ လူငယ်တွေအတွက် တတ်နိုင်တဲ့ ဘက်ကနေ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ အခုလိုမျိုးလာရောက်ဟောပြော ဖြစ်တာပါ ဟု စာရေး ဆရာအလင်းဆက်(IR)ကပြောသည်။

အဆိုပါဟောပြောပွဲသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုမှ တာဝန်ရှိသူများ၊ မြို့နဘ်အဆင့်ဌာနဆိုင်ရာများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်‌တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)