ရွှေပြည်သာ ဇွန် ၂၇
ရွှေပြည်သာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)ရပ်ကွက်ရှိ အလိမ္မာဥယျာဉ်(သဇင်အောင်) ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အလိမ္မာဥယျာဉ်(သဇင်အောင်)စာကြည့်တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ကျောင်းသားလူငယ်များအသိပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိဖို့အတွက် စာများများဖတ်ကြရန်တို့ကို ဆွေးနွေးဟောပြောပြီး ဦးအောင်ဇင်ဦး(အထူးကုဆရာဝန်ကြီး)မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းနှင့် စာရေးဆရာကြင်ဦးလူက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား/သူများ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ ဆေးလိပ်အစမူးယစ်ကဖြစ်၍ မူးယစ်ဆေးဝါးကိုလက်တည့်မစမ်းမိကြစေရန် နုနယ်သည့်လူငယ်များဖြစ်၍ မူးယစ်အမှောင်တွင်းကို မဆင်းမိစေရန်တို့ကို ရှင်းလင်းဟောပြောပြီး စာကြည့်တိုက်နာယကကြီးဦးစိန်ဝင်းက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများနှင့် တက်ရောက်လာသူများအား ဖြန့်ဝေပေးပြီး ပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)