ချီဖွေ ဇွန် ၂၇
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသတွင်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို ယမန်နေ့နံနက် (၈) နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှ ပေးပို့သည့် သဝဏ်လွှာ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က ဖတ်ကြားခဲ့ပြီး မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်မိ/ရပ်ဖများ၊ ဘာသာရေး အသင်းအဖွဲ့များက ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ခရိုင်မီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ချီဖွေမြို့နယ်၊ မြို့မရဲစခန်းမှ သက်သေခံမူးယစ်ဆေးဝါးအမှု (၆)မှုမှ ဘိန်းဖြူ (၀.၀၈၅၆၅) ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၃၂) ပြား၊ တန်ဖိုး (၃,၈၉၀,၀၀၀) ကျပ်ခန့်နှင့် ပန်ဝါမြို့နယ်မြေရဲစခန်းမှ ဘိန်းစိမ်း(၃၁.၈၃၆၃၉) ကီလိုဂရမ်၊ ဘိန်းဖြူ(၀.၂၅၉၉) ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၆,၈၄၁) ပြား၊ တန်ဖိုး (၆၂,၃၅၁,၄၀၂) ကျပ်ခန့်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသတွင်းမူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲသို့ တက်ရောက်လာသည့် ရပ်မိ/ရပ်ဖများနှင့် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)