စစ်တွေ ဇွန် ၂၆
(၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး နှစ်စဉ်ဇွန်လ (၂၆) ရက်နေ့ ရောက်ရှိတိုင်း ယခုကဲ့သို့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်လည်း ကျင်းပလျက်ရှိရာ (၃၇) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ မူယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုးအနေဖြင့် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမျိုးမဟုတ်ဘဲ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံး ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စစ်ဆင်ရေးတစ်ရပ်အသွင်ဖြင့် ၂၀၀၃ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ယခုနှစ်အထိ (၂၁)နှစ်တာကာလအတွင်း စစ်ဆင်ရေး (၃၉)ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့ အနေဖြင့် ၂၀၂၃ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု (၁၀၁)မှု၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်(စ်)၊ ဆေးခြောက်၊ အက်တာစီ၊ အယ်ပရာဇိုလမ်၊ ကတ်တမင်း၊ ဒိုင်ယာဇီပင်တို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ (၁၄၃) ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု (၁၀)မှု၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်(စ်)၊ ဆာလဖြူရစ်အက်စစ်တို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ (၁၆)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂအရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)မှ ပေးပို့သည့် ဆောင်ပုဒ်တွင် မူးယစ်အန္တရာယ် ကင်းစင်ရေးဘက်စုံ ကြိုတင်ကာကွယ်ပေးဆိုသည့်အတိုင်း မူးယစ်ဆေးဝါး ပြဿနာသည် လူသားထုတစ်ရပ်လုံး၏ ပြဿနာဖြစ်သည့်အတွက် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကို လူ့အသိုင်းအဝိုင်းတစ်ရပ်လုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီမှ မိသားစုများ၊ လူ့အသိုင်းအဝိုင်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရစသည်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်ပြီး အဆင့်ဆင့် ပေါင်းစပ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာကို ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဖတ်ကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာရှိသူများက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် ပန်းချီး၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာ ကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗွီဒီယိုအား ပြသပြီး ဆုရကျောင်းသား၊ ကျောင်းသူများ နှင့်မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ခန်းမအတွင်း ပြသထားသည့် အသိပညာပေးဓာတ်ပုံများ၊ နံရံကပ် စာစောင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီး၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ရခိုင်ပြည်နယ် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ရခိုင်ပြည်နယ် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးကြောင်း၊ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံပြီးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ အပြန်အလှန် ဆက်စပ်နေသည့်အတွက် တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးတက်ဖြစ်ထွန်းရန် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသော အစိတ်အပိုင်းတွင် ပါဝင်လျက်ရှိသည့်အတွက် လမ်းတံတား၊ အဆောက်အဦ ဖွံ့ဖြိုးရေးဆိုင်ရာ ရခိုင်ပြည်နယ်လုပ်ငန်း ဆပ်ကော်မတီအနေဖြင့် လမ်းတံတားနှင့် အဆောက်အဦများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ လုပ်ငန်းဆပ်ကော်မတီများအနေဖြင့်လည်း မိမိတို့ ဆပ်ကော်မတီအလိုက် ပေးအပ်သော တာဝန်များကို အောင်မြင်စွာ ကြီးကြပ်ဆောင်ရွက်သွားရန် လိုကြောင်းနှင့် မိမိတို့ ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ရခိုင်ပြည်နယ် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများကို တင်ပြပြီး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ပြည်နယ်ဝန်ကြီးများနှင့် အတွင်းရေးမှူး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)