ပင်လောင်းမြို့၌ စိုက်ပျိုးတောင်သူများအား မျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် မျိုးစေ့/ပျိုးပင်၊ မျိုးစေ့ချကိရိယာနှင့် ဓာတ်‌မြေဩဇာများ ထောက်ပံ့ပေးအပ်

ပင်လောင်း ဇွန် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် မျိုးစေ့/ပျိုးပင်၊ မျိုးစေ့ချကိရိယာနှင့် ဓာတ်‌မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က တောင်သူများအား ထောက်ပံ့ပေးအပ်ရသည့်ရည်ရွယ်ချက်များ၊ နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေး၊ ပြည်ပမှတင်သွင်းသည့် သွင်းကုန်များလျှော့ချနိုင်ရေး၊ ထွက်ရှိလာသည့် သီးနှံများကို ပြည်ပသို့ တင်သွင်းနိုင်ရေးဖြစ်သည့် ရည်ရွယ်ချက်(၃)ချက် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် စိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများကမျိုးစေ့/ပျိုးပင်၊ မျိုးစေ့ချကိရိယာနှင့် ဓာတ်‌မြေဩဇာများပေးအပ်ခဲ့ကြပြီး၊ စိုက်ပျိုးတောင်သူ (၃၉) ဦးအတွက် ယူရီးယား (၃၅) အိတ်၊ ကွန်ပေါင်း‌‌ဓာတ်မြေဩဇာ (၃၅) အိတ်၊ မျိုးစေ့ချကိရိယာ (၅) လက်၊ ‌ကော်ဖီပျိုးပင် (၄၀၀၀)၊ ထောပတ်ပျိုးပင် (၁၀၀၀)၊ ခါတော်မှီပျိုးပင် (၅၀၀) နှင့် စပါးမျိုးစေ့ တစ်ဧကလျှင် ရှစ်ကီလိုနှုန်းဖြင့် ဧက (၂၀) အတွက် (၁၆၀) ကီလို ထောက်ပံ့ပေးကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)