လားရှိုး ဇွန် ၂၇
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှပေးပို့သည့် သဝဏ်လွှာကို လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်သူရက ဖတ်ကြားခဲ့သည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုမှပေးပို့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်မှုမှတ်တမ်းဗွီဒီယို Clip ကို ပြသပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဆုရ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဆုရရှိသူများနှင့် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို အမှတ်(၁၂)ရပ်ကွက်၊ တာပုံကျေးရွာအုပ်စု၊ နားဖကျေးရွာအနီးရှိ ရဲသီဟစိုက်ပျိုးရေးခြံတွင်ကျင်းပရာ အမှတ်(၆)မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သက်ထွန်းကဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများ မီးရှို့မြေမြှုပ်ဖျက်ဆီးမည့်အခြေအနေကို ရှင်းလင်းတင်ပြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဝင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက စက်ခလုပ်နှိပ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဓာတုပစ္စည်းများကို မြေကျင်းအတွင်း သွန်ချမြေမြှုပ်၍ ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)