တပ်ကုန်းမြို့နယ်၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေး

တပ်ကုန်း ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးမှ  ညွှန်ကြားရေးမှူး ဦးသက်ဆိုင်အောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဦးက အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ အခွန်ကောက်ခံခြင်းဆိုင်ရာ သိကောင်းစရာများ၊ ကြေညာလွှာတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ အခွန်ထမ်းလုပ်ငန်းရှင်များ လိုက်နာရန်တာဝန်များ၊ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လိုက်နာရန်ပျက်ကွက်မှုများအတွက်ပြစ်မှု၊ ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ ပရိုဂျက်တာဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စားသောက်ဆိုင်၊ ရွှေဆိုင်၊ ဖုန်းဆိုင် နှင့်တည်းခိုခန်းလုပ်ငန်းရှင် စုစုပေါင်း ၉၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်