မိတ္ထီလာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

မိတ္ထီလာ  ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်ဇေယျာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌ ဒုတိယရဲမှူးကြီး တင်ထွန်း(ငြိမ်း)က ပြည်ထဲရေးဝန်ကြီးဌာနမှပေးပို့သော ၂၀၂၄ခုနှစ် ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စာရေးဆရာအသင်းနာယက စာရေးဆရာဘိုမျိုး(ရွှေဘို)က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများက မူးယစ်ဆေးဝါးအသိပညာပေးကဗျာများ ရွတ်ဖတ်ခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲများကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌ ဒုတိယရဲမှူးကြီးတင်ထွန်း(ငြိမ်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသည့်ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ခဲ့ရာ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူမငြိမ်းသစ္စာက မူးယစ်ဟူကဆန့်ကျင်ကြ ချမ်းမြသာယာဤကမ္ဘာခေါင်းစဉ်ဖြင့် ကျပန်းစကားပြောခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

ခရိုင်ပြန်/ဆက်ရုံး၊ မိတ္ထီလာမြို့