တန့်ယန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား ကျင်းပ

တန့်ယန်း ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က ဖတ်ကြားခဲ့သည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားအပြီးတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြသထားသော နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အခမ်းအနားတက်ရောက်လာကြသူများက လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ကျင်းပရာ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်က ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းတင်၊ ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်နှင့် တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးမည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေး၍ စက်ခလုပ်နှိပ်ကာ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)