တိုက်ကြီး ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆွေးနွေးပွဲကို ဇွန်လ (၂၅) ရက်နေ့ နေ့လယ် (၂) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးက တိုက်ကြီးခရိုင်အတွင်းရှိ ပြည်သူများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မင်းထွေးက သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ၊ မေးခွန်းပုံစံများနှင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းက တိုက်ကြီးခရိုင်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးသည်။ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဝင်များနှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)