ဆိပ်ကြီးခနောင်တို ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ခနောင်တို) အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရဲမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဟောပြောပွဲ ကိုစတင်ရာ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဇော်မိုးက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဥ် ဖြင့်လည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်မှူး ဒေါ်အေးသူဇာက “လူငယ်နှင့် အားကစား” ခေါင်းစဥ်ဖြင့် လည်း ကောင်း အသီးသီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။ ယင်းနောက် မြို့နယ်အား/ကာမှကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို အ.ထ.က ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းပြီး၊ မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရဲမြင့်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၃၀၀ ဦးတက်ရောက်ခဲ့ပြီး၊ ဟောပြောအပြီးတွင် အခမ်းအနားတက် ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲအား စိတ်ဝင်စားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)