မုဒုံမြို့၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြော

မုဒုံ ဇွန် ၂၇

မွန်ပြည်နယ်၊ မုဒုံမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့မစခန်းမှူး ဒုရဲမှူးဝင်းထွဋ်အောင်မှ လူကုန်ကူးမှုဖြစ်ပွားစေသည့် အကြောင်းအရင်းများ၊ လူကုန်ကူးသူများအသုံပြုသည့်နည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။  ထို့နောက် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မော်လမြိုင်)မှ ဒုရဲအုပ် ထူးထူးအောင်က လူကုန်ကူးမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့် ဆိုချက်၊ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာ ဖြစ်စဥ်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များလူကုန်ကူးခံရနိုင်သည့်အသက်အရွယ် အမျိုးအစားများနှင့်လူကုန်ကူးမှုများ ဖြစ်ပေါ်လာပါက ဆက်သွယ်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)