မြင်းခြံ ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနား ပြုလုပ်ရခြင်း အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း/ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်၊ မြို့နယ်ပညာရေးမှူး ဒေါ်သိန်းမေ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့မှ ဆုချီးမြှင့်ပေးအပ်ရာ ကျောင်းသား/ ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်
ကျော်စွာ(မြင်းခြံ)