မုဒုံ ဇွန် ၂၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရော်ဘာအထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီက နှစ်ရှည်ပင်များ သုသေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းတင့်နှင့် တာဝန်ရှိသူများက ရော်ဘာအထွက်နှုန်းတိုးတက်စေရေးအတွက် ရော်ဘာစိုက် တောင်သူများ လိုက်နာရမည့် အချက်၊ ရော်ဘာပင်အား မိုးကာအုပ်အစေးခြစ်ခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင်မှု၊ ရော်ဘာမျိုးသစ်များ၏ ကြီးထွားမှုနှင့် အထွက်နှုန်းတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ခြံရှင်များ တက်ရောက်ကြ၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ အသီးသီးပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)