လှည်းကူး ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သနပ်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့်မူဝါဒနှင့်အညီ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးသည့် တောင်သူများ အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း တောင်သူများအား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေနှင့် ဝန်ထမ်းများက သနပ်ပြင်ကျေးရွာရှိ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား သြဘာ(စင်္ကြာ)ယူရီးယားနှင့် ဩဘာ(၁၅ ပတ်လည်)ကွန်ပေါင်းဓာတ်မြေသြဇာသွင်းသွင်းအားစုများကို တောင်သူများ လက်ဝယ်အရောက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)