၂၀၂၄ခုနှစ်၊ “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကျင်းပ

ဥတ္တရသီရိ ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄ ခုနှစ်၊ “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက အအေးပေးပစ္စည်းများအကြောင်း သိကောင်းစရာ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေစွာ နေထိုင်ရေးစသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများနှင့် မေးခွန်းများ အပြန်အလှန်မေးမြန်းဖြေကြားကာ အမှတ်တရဆုလက်ဆောင်များပေးအပ်ခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း (ပြန်/ဆက်)