ရွှေပြည်သာ ဇွန် ၂၇
ရွှေပြည်သာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)ရပ်ကွက်ရှိ အလိမ္မာဥယျာဉ် (သဇင်အောင်)ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက အလိမ္မာဥယျာဉ် (သဇင်အောင်)စာကြည့်တိုက်၌ကျင်းပသည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသားလူငယ်များအသိပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေဖို့အတွက် စာများများဖတ်ကြရန်တို့ကို ဆွေးနွေးဟောပြောပြီး ဦးအောင်ဇင်ဦး(အထူးကုဆရာဝန်ကြီး) မူးယစ်ဆေးဝါး၏ဆိုကျိုးများအကြောင်းနှင့် စာရေးဆရာကြင်ဦးလူက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ ဆေးလိပ်အစ မူးယစ်ကဖြစ်၍ မူးယစ်ဆေးဝါးကို လက်တည့်မစမ်းမိကြစေရန် နုနယ်သည့်လူငယ်များဖြစ်၍ မူးယစ်အမှောင်တွင်းကိုမဆင်းမိစေရန်တို့ကို ရှင်းလင်းဟောပြောပြီး စာကြည့်တိုက်နာယကကြီးဦးစိန်ဝင်းက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာသူများအား ဖြန့်ဝေပေးပြီး ပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)