ဝမ်းတွင်းမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဝမ်းတွင်း ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန် ၂၅ ရက်က အ.ထ.ကခွဲ(ပြည့်စုံကုန်း)နှင့် အ.ထ.က(ဝမ်းတွင်း)ကျောင်းတို့၌ ဆောင်ရွက်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များမှ ဆောင်ရွက်ပေးလျက်ရှိပြီး အ.ထ.ကခွဲ(ပြည့်စုံကုန်း)နှင့် အ.ထ.က(ဝမ်းတွင်း)ကျောင်း သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်ဖြင့် အကျုံးဝင်သော ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၁၉) ဦးတို့အား အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုလဝကမှူး ဒေါ်စန္ဒီဖုန်းမြင့်ထံမှ သိရသည်။

ကိုရဲ