တာချီလိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တာချီလိတ်  ဇွန် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်မြတ်ခန်းမတွင် ကျင်းပသည်။

ဦးစွာ (၂၀၂၃) ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုကိုပြသကာ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှပေးပို့သော သဝဏ်လွှာအား ခရိုင်ဒုတိယဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်းက ဖတ်ကြားသည်။

ထို့နောက် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာသည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးစွဲရောဂါ အကြောင်းကို ခရိုင်ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်ကလည်းကောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ခရိုင်တရားသူကြီး ဦးစံမြင့်ကလည်းကောင်း အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကဗျာ ပြိုင်ပွဲများတွင် ခရိုင်အဆင့်နှင့် ဗဟိုအဆင့် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုနှင့် တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပေးအပ်သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက မူးယစ်ဆေးဝါး ပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့စု(၃၀)နှင့် ယာဉ်ထိန်းတပ်ဖွဲ့စု(၁၂၁)မှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)