နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City, Green City, Smart City ဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပလတ်စတစ်ကင်းစင်သော စံပြမြို့တော်ဖြစ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရာက်

နေပြည်တော် ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City, Green City, Smart City ဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပလတ်စတစ်ကင်းစင်သော စံပြမြို့တော်ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီ၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ခေတ္တအမြဲတမ်း အတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကို  နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး မြို့တော်အား Clean City, Green City, Smart City ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ပြည်ထောင်စုဝန်ကြီးဌာနရုံးများ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး၊ ဝန်ထမ်းအိမ်ရာတိုက်ခန်းများ စနစ်တကျသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ ဝန်ထမ်း အပျို/လူပျိုဆောင်များ၊ ဝန်ထမ်းအိမ်ရာများ စည်းစနစ်တကျနေထိုင်စေရေး အိပ်ဆောင်ဝန်းကျင်နှင့် အိပ်ဆောင်သာယာလှပရေးတို့ကို အဓိကထားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေးကို အလေးထားဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတစ်ဝှမ်းပလတ်စတစ် ညစ်ညမ်းမှုပြဿနာများ ဖြေရှင်းကြရာတွင် ဈေးကွက်အတွင်းသို့ ပလတ်စတစ်ပစ္စည်းများ ပိုမိုဝင်ရောက်လာခြင်းကို တားဆီးကာကွယ်ရန်၊ စွန့်ပစ်ပစ္စည်းကင်းစင်သော ကျေးရွာ၊ ရပ်ကွက်၊ မြို့ပြများ ပေါ်ပေါက်လာရန်၊ ပလပ်စတစ်အစား ထိုးထုပ်ပိုးမှုများကို တွင်တွင်ကျယ်ကျယ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် ယခုမိုးဦးကာလ ရောက်ရှိလာသည်နှင့်အမျှ ခြင်၊ ယင် နှိမ်နင်းရေး၊ ပိုးလောက်လမ်း နှိမ်နင်းရေး၊ အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ နေပြည်တော် ကျန်းမာရေးဌာနမှ ဆောင်ရွက်နေမှုအပေါ် ဌာနဆိုင်ရာများအနေနဲ့ အမျှော်အမြင်ရှိရှိနှင့် ကြိုတင်မျှော်တွေး ပေါင်းစပ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရာက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အား Clean City, Green City, Smart City ဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပလတ်စတစ် ကင်းစင်သော စံပြမြို့တော်ဖြစ်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီးရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်ကောင်စီဝင် ဦးဟန်သူတို့ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)