ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် တာချီလိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

တာချီလိတ် ဇွန် ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ တွေ့ဆုံခဲ့သည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက မိမိတို့ မြို့ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ပြည်သူလူထုများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် လယ်ယာမြေကျူးကျော်အိမ်ဆောက်ခြင်းများ၊ သက်ဆိုင်ရာ ဌာနပိုင်မြေများတွင် ကျူးကျော်၍ တရားမဝင် ရောင်း၊ ဝယ်၊ ငှား၊ ရမ်း ဆောင်ရွက်ခြင်းများ သတိပြုစေလိုကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖယ်ရှားအရေးယူဆောင်ရွက်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့၊ တောင်ယာမီးရှို့ခြင်းများကြောင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုနှင့်ပက်သက်ပြီး ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်စေလိုကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများမှ ၎င်းတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များအား ဆွေးတင်ပြခဲ့ကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)