မြစ်ကြီးနား ဇွန် ၂၇
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ချိန်ကစပြီး ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် (၃၇)ကြိမ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည် ကမ္ဘာပေါ်မှာရှိသည့် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ၊ မဖွံ့ဖြိုးသေးသော နိုင်ငံအားလုံးကို အန္တရာယ်ပြုခြောက်လှန့်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ နိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သုံးစွဲမှုလျော့ချရေး၊ တားဆီးနှိမ်နင်းရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးရေး၊ ပြန်လည်ထူထောင်ရေးတို့ကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ တွေ့ကြုံရမည့် ဆိုးကျိူးများကို ပြည်သူလူထုအတွင်းနှင့် လူငယ်ထု၊ ကျောင်းသားထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ၃၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ကချင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဖတ်ကြားခဲ့သည်။
ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ၌ (ဗဟိုအဆင့်)တွင် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွန်းက မူးယစ်ဆေးဝါးများ စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့ကြသည့် ဆုရတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ခဲ့ကြသော ရပ်မိ/ ရပ်ဖများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်တို့က သင်တန်းသား/သူများ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အနေဖြင့် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အတိုင်းအတာတစ်ခုထိ အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်ညီညွတ်အောင်၊ ရိုးရာအမွေအနှစ်များ ပိုမိုပီပြင်စွာ ဖော်ထုတ်ပြသနိုင်အောင် စည်းလုံးညီညွတ်စွာနှင့်ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဗဟိုအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်ကိုယ်စားပြုအသင်းအဖွဲ့ကို ရွေးချယ်နိုင်ရန်နှင့် ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အားလုံးက ပွင့်ပွင့်လင်းလင်းဖြင့် အပြုသဘောဆောင် သုံးသပ်အကြံပြုတင်ပြကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းရေး၊ ခရိုင်/မြို့နယ်အဆင့် ပြိုင်ပွဲများမှတစ်ဆင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်ပြီး ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းရွေးချယ်နိုင်ရေး၊ ဆပ်ကော်မတီအလိုက် ဘဏ္ဍာငွေအသုံးစရိတ်များ စိစစ်တွက်ချက်တင်ပြနိုင်ရေးနှင့် တိုင်းရင်းသားရိုးရာအကတွင် ဂျိမ်းဖောတိုင်းရင်းသားအကဖြင့် ယှဉ်ပြိုင်သွားရမည့် ကိစ္စရပ်များနှင့် လိုအပ်ချက်/အခက်အခဲများကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ယခင်နှစ်ပြိုင်ပွဲအတွေ့အကြုံများကို နှိုင်းယှဉ်သုံးသပ်ပြီး ယခုနှစ်ပြိုင်ပွဲအတွက် အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)