ဆီဆိုင်မြို့နယ်တွင် ၂၀၂၄-ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဆီဆိုင် ဇွန် ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း အပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကို တန်ဖိုးထားကာ သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ၂၀၂၄-ခုနှစ် မိုရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်ဆံဗတ်ကျေးရွာတွင် ကျင်းပသည်။

 သစ်ပင်စိုက်ပျိုးပွဲတွင် ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများလက်ဝယ်သို့ စိုက်ပျိုးမည့်သစ်ပင်များပေးအပ်သည်။ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း ၅၀ ပင်၊ စိန်ပန်းနီ ၅၀ ပင်၊ အာဖဂန်ကျူးလစ် ၁၀၀ ပင်၊ ကုက္ကိုလ် ၂၅၀ ပင်၊ ခါတော်မီ ၄၀ ပင်၊ ထင်းရှူး ၅၀ ပင်၊ စုစုပေါင်းပျိုးပင် ၅၄၀ ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမင်း