မော်လမြိုင် ဇွန် ၂၇
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့နိုင်ငံများ၏ တရားဥပဒေစိုးမိုးရေး၊ လူသားမျိုးနွယ်များ ဉာဏ်ရည်မြင့်ရှင်သန်ရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးတို့ကို ပိုမိုခြိမ်းခြောက်လာလျက်ရှိသည့်အပြင် လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများနှင့် ပြည်တွင်းမငြိမ်သက်မှုတို့ကို ဖြစ်ပေါ်စေပြီး နှစ်စဉ် ဇွန်လ ၂၆ ရက် ကျရောက်တိုင်း ကမ္ဘာနှင့်အဝှမ်း ယခုကဲ့သို့ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်သော ပွဲများကို ကျင်းပပြုလုပ်ရာ (၃၇)ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်ရေးဆွဲခဲ့ပြီး မွန်ပြည်နယ်အနေနှင့်လည်း မိမိပြည်နယ်နှင့်ကိုက်ညီသည့် လုပ်ငန်းစီမံချက်များ ရေးဆွဲကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးရန် အချိန်မရွေး အခြေပြုနေသည့်အတွက် “မူးယစ်ကင်းကွာ ပပျောက်ဖို့ လူကြီးလူငယ် လက်တွဲစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူတစ်ရပ်လုံးမှ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ကာကွယ်တိုက်ဖျက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထိုနောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပိုသည့်သဝဏ်လွှာအား မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်စွာမြင့်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဦးစီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ပြီး မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း Video အား ပြသ၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်ပြဘုတ်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)