သုံးခွ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေ တိုးပွားစေရန်၊ ဆင်းရဲမှုနှုန်း လျှော့ကျစေရန် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က မိသားစုဝင်ငွေ တိုးပွားရေး လက်ကိုင်အိတ်ထိုးနည်းသင်တန်းဖွင့်ပွဲ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် သန်လျင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေလဲ့ဝါသွေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး လက်ကိုင်အိတ်ထိုးနည်း သင်ကြားပေးသော သင်တန်းဆရာမနှင့် သင်တန်းသူများ၏ သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးပြီး သင်တန်းဆရာမအား အမှတ်တရ လက်ဆောင်များနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မျိုးလွင်မှ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေး ဆွေးနွေးခဲ့ပြီး သန်လျင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တက်ရောက်လာ သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)