ဇမ္ဗူသီရိ ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁၃၈) မူလွန်၊ အောင်ချမ်းသာကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းစံပယ်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက အနာဂတ်နိုင်ငံတော်၏ သားကောင်းရတနာ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန်နှင့် ရှောင်လေဝေးဝေး မူးယစ်ဆေးဆိုသည့်အတိုင်း ကျောင်းသား လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ဝေးဝေးက ရှောင်ရှားသင့်သည့် အကြောင်းများကို အသိပညာပေး ဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများအား စာမှတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊ ကဗျာများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)