ကျောက်ဆည် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မအခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး စာပေဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့မ အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေဗဟုသုတများ လေ့လာခြင်းဖြင့် ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝသည့် ကျောင်းသားလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဖတ်ရှုသင့်သည့် စာပေအမျိုးအစားများ စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ ရှင်းလင်းပြောကြားပြီး၊ ကျောက်ဆည် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ကာတွန်းဖောင်းဖောင်းက ဉာဏ်ပညာနဲ့ချစ်ခြင်းတရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး သောင်းဝင်း(မြင်းခြံ)က ချစ်ခြင်းမေတ္တာအကြောင်းကို လည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး၊ ကလေးအလုပ်သမား ပပျောက်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း နံရံကပ်စာစောင်တို့ကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
စုစုအေး(ပြန်/ဆက်)