မုဒုံမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာစီစာကုံးပြိုင်ပွဲကျင်းပ

မုဒုံ ဇွန် ၂၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ပညာရေးမှူး တာဝန်ခံဒေါ်မို့မို့သိန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်တို့မှ ပြိုင်ပွဲ၏ စည်းမျဥ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး လက်ထောက်ပညာရေးမှူးဒေါ်ကေသီစံနှင့် ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးသည်။ အဆိုပါပြိုင်ပွဲတွင် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများက “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အောင်မျိုးသူ (ပြန်/ဆက်)