မော်လမြိုင် ဇွန် ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် စုပေါင်းရုံး၊ (၆) ထပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မော်လမြိုင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုက ယနေ့အချိန်ကာလဟာဆိုရင် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများနှင့်အတူ သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာမှုကို ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အချိန်ကာလတစ်ခုဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားလာရင် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မဖြစ်မီမှာ ကြိုတင်ပြင်ဆင်ခြင်း၊ ဖြစ်ပွားနေချိန်မှာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနဲ့ ဘေးဖြစ်ပွားပြီးချိန်မှာ ပြန်လည်တည်ဆောက်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်အတိုင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ ဒီနေ့ဖွင့်လှစ်လျက်ရှိတဲ့ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို နိုင်ငံတော်ရဲ့ပံ့ပိုးမှုနဲ့ စီမံဆောင်ရွက်ပေးနိုင်တဲ့ အတွက် အထူးဝမ်းမြောက်မိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှ ဆွေးနွေးပို့ချသွားမည့် စာတွေ့/လက်တွေ့ သင်ခန်းစာများကို စနစ်တကျ အရေးတယူမှတ်သား လိုက်နာဆောင်ရွက်ဖို့ အထူးလိုအပ်မှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဖြိုးဝေဝင်းက သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်နှင့် ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ယခုသင်တန်းတွင် ပို့ချပေးမည့် သင်ခန်းစာများအတိုင်း လက်တွေ့လုပ်ဆောင်ပေးကြရန် ပြောကြားခဲ့သည်။
အဆိုပါ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းသား/သူ(၃၀)ဦးဖြင့် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)