လားရှိုး ဇွန် ၂၅
နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေအသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လားရှိုးမြို့ ရွှေဧရာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူးဦးလှဌေးနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်စာရေးဆရာမ ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)တို့က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆိုးကျိုးများနှင့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် လူငယ်စကားဝိုင်းများ၊ ပြပွဲ/ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ Talk show များကို စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
စိုင်းထွန်း (လားရှိုး)