တောင်ကြီး ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းပွဲကို တောင်ကြီးမြို့ မိခင်နှင့် ကလေးအထူးကုဆေးရုံကြီးတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အမျိုးသမီးကော်မတီ နာယက ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလွင်တို့က တက်ရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် ကြက်ဉ၊ ပဲနို့နှင့် အဟာရဖြည့်ပစ္စည်းကို ထောက်ပံ့ပေးအပ်ပြီး မိခင်နှင့်ကလေးအထူးကုဆေးရုံကြီးအတွက် ထောက်ပံ့ငွေ ကျပ် (၁၀) သိန်း လှူဒါန်းရာ ဆေးရုံအုပ်ကြီးဒေါက်တာ မောင်မောင်သိန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
သွေးလှူဒါန်းပွဲတွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း (၈၅) ဦးက သွေးလှူဒါန်းကြပြီး သွေးလှူဒါန်းပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်ဇနီး၊ ပြည်နယ် လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလွင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း