တောင်ကြီး ဇွန် ၂၄
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အကြိုဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (ယခင်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ)ကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် အဖွဲ့ဝင် (၂၃)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ Myanmar National Committee For Women’s Affairs (MNCWA) ပေါ်ပေါက်လာသော ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ကိုအစွဲပြု၍ နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အနေဖြင့် အမျိုးသမီးအခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှမှုဆိုင်ရာ အသိပညာပေးခြင်းကို ရပ်ကွက်/ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအမျိုးသမီးများသည် မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် စံနမူနာပြအဖြစ် ကြိုးပမ်းခဲ့ကြရာတွင်လည်းကောင်း၊ မြန်မာ့လူ့ဘောင်ရှင်သန်ဖွံ့ဖြိုးမှုကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကျရာတာဝန်များကို ကျေပွန်စွာ ပါဝင်ဆောင်ရွက်ကြပြီး ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးထုအားလုံး ကျား/မ တန်းတူ ညီမျှမှုရရှိရန်နှင့် အမျိုးသမီးများနှင့်အမျိုးသမီးငယ်များအား မိမိတို့တွင်ရှိသည့် စွမ်းဆောင်ရည်များကို မြှင့်တင်လျက် အမျိုးသမီးထုကြီး၏ စွမ်းပကားကို ဖော်ထုတ်ကြရန်၊ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား/သူများအနေဖြင့်လည်း ဟောပြောပွဲမှရရှိသည့် ဗဟုသုတများကို အသုံးချပြီး နိုင်ငံတော်ကအားကိုးရသော လူတော်လူကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တောင်ကြီးတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဒေါက်တာနုနုသိန်းက မြန်မာအမျိုးသမီးများ၏ စာပေအနုပညာစွမ်းဆောင်မှုအနုပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောင်ကြီးတက္ကသိုလ် ဥပဒေဌာန ပါမောက္ခ ဒေါက်တာမီမီလင်းက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် အမျိုးသမီးများအခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ပါမောက္ခဆရာမအသီးသီးတို့က ပြန်လည်ဖြေကြားပေးကြပြီး ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်စန္ဒာအောင်က ကျေးဇူးတင်စကားပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောက ဟောပြောခဲ့သည့် ပါမောက္ခများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါဟောပြောပွဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်ကြီးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)