မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲကျင်းပ

မိုင်းကိုင် ဇွန် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ၌ ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က-ခွဲ(မိုင်းကိုင်)မှ ကျောင်းသား ကျောင်းသူများ၊ မြို့နယ်ကျန်းမာရေးဌာနမှ အရန်သားဖွားသင်တန်းသူများ၊ လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ဟောပြောပွဲနှင့် ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး သန်းထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်နှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လူငယ်နှင့် မူးယစ်ဆေး၊ မူးယစ်ဆေးဝါးပြဿနာ စသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးရာ တက်ရောက်လာသည့် လူငယ်လူရွယ်၊ ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်တင်ဆက်သော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲပြခန်းကို ဖွင့်လှစ်ပြသခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ချော(မိုင်းကိုင်)