ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်း GYM ခန်းမ၊ ဘိလိယက်နှင့်စနူကာခန်းမများ ပါဝင်သည့် ဘက်စုံသုံးအားကစားခန်းမဆောင် အဆောက်အအုံသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဇွန် ၂၅

၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်း ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၁၆၀၀ ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် GYM အားကစားခန်းမ၊ ဘိလိယက်နှင့် စနူကာခန်းမများ ပါဝင်သည့်  ငြိမ်းချမ်းသာယာ ဘက်စုံသုံးအားကစားခန်းမ အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘင်ခရာအဖွဲ့၊ အကအဖွဲ့များနှင့် အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသူလေးများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် အားကစားခန်းမသည် ပြည်နယ်၏ အောင်မြင်မှုရရှိသည့် အားကစားနည်းများကို ပိုမိုအောင်မြင်မှုရရှိစေရေးအတွက် လေ့ကျင့်ကစားနိုင်ရန် တစ်ခုတည်းအတွက်သာ အသုံးပြုရန်မဟုတ်ဘဲ ဘက်စုံအသုံးပြုနိုင်သည့် အားကစားခန်းမတစ်ခုအဖြစ် သိရှိမှတ်ယူထားရမည်ဖြစ်ပါကြောင်း၊ အသုံးပြုကြမည့် လူငယ်များအား မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်သော်လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သန့်ရှင်းသပ်ရပ်စွာ မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ခန်းမဆောင်သစ် (၃)ထပ်အဆောက်အဦသစ်ကို တာဝန်ယူတည်ဆောက်ခဲ့သည့် ရှဝါနန်ကုမ္ပဏီတာဝန်ရှိသူက အဆောက်အအုံသစ်နှင့်ပတ်သက်သည့် စာရွက်စာတန်းများအား လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဖွင့်ပွဲအခမ်းနားတွင် ပါဝင်ကူညီခဲ့ကြသော ဘင်ခရာအဖွဲ့၊ အကအဖွဲ့များနှင့် ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းသာယာ ဘက်စုံအားကစားခန်းမဆောင်သစ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အဆိုပါ အဆောက်အအုံ မြေညီထပ်ရှိ GYM အားကစားခန်းမသစ်ကို ဖွင့်လှစ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလေးမနှင့် ကာယဗလကြံ့ခိုင်မှု ဆပ်ကော်မတီအဖွဲ့ဝင် ဦးစိုင်းအောင်ဘိုက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက GYM အားကစားခန်းမအတွင်း အလေးမနှင့် ကိုယ်ကာယကြံ့ခိုင်မှုအတွက် ခေတ်မီအသုံးအဆောင်ပစ္စည်းများနှင့် လက်တွေ့လေ့ကျင့်သရုပ်ပြသမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် အဆိုပါ အဆောက်အအုံ ဒုတိယထပ်ရှိ ဘိလိယက်နှင့်စနူကာခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ပြိုင်ပွဲအား ဖွင့်လှစ်ပေးကြပြီး အလွတ်တန်းပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဌာနအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အရာထမ်း/အမှုထမ်းများက ရုံးစာကြည့်တိုက် စာအုပ်/ စာစောင်သစ်များ လစဉ်ဖြည့်ဆည်းပေးနိုင်ရေးအပါအဝင် အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြမှုကို ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာန/အဖွဲ့အစည်းများမှ အရာထမ်း/ အမှုထမ်း (၄၅၀)ဦးတို့အတွက် ငွေကျပ် (၂၁၈)သိန်းတန်ဖိုးရှိ တစ်ဦးလျှင် ဆန် (၆)ပြည်အိတ် (၁)အိတ်စီဖြင့် စုစုပေါင်း (၄၅၀) အိတ်နှင့် ဆီ ၁ ပိဿာစီ၊ ကြက်ဥအလုံး ၃၀ စီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ လက်ဆုံစားသောက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကချင်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၏ ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာကော်မတီဝင်များအနေဖြင့် မိမိတို့ဆပ်ကော်မတီအလိုက် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှု၊ ခွင့်ပြုလုပ်ငန်းများနှင့် လျာထားလုပ်ငန်းများအပေါ် ဆွေးနွေးသုံးသပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ခွင့်ပြုလုပ်ငန်းများအပေါ် သက်ဆိုင်ရာဆပ်ကော်မတီအလိုက် စိစစ်အတည်ပြု ပြန်လည်တင်ပြရမည့်ကိစ္စရပ်ကို တင်ပြပြီး တွဲဖက်အတွင်းရေးမှူး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းလှိုင်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ခွင့်ပြုထားရှိမှု၊ လျာထားဆောင်ရွက်သွားမည့်အစီအစဉ်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန် ၂၃ ရက် ညနေပိုင်းကလည်း ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၄)ခုနှင့် ကြေးတံဆိပ် (၃)ခုရရှိခဲ့သော ပြည်နယ်လက်ရွေးစင်တိုက်ကွမ်ဒိုအသင်း ပြန်လည်‌ရောက်ရှိလာမှုကို မြစ်ကြီးနားလေဆိပ်၌ ပန်းပွားအကအဖွဲ့၊ တိုင်းရင်းသာရိုးရာအကအဖွဲ့များ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် ပြည်နယ်လက်ရွေးစင်တိုက်ကွမ်ဒိုအသင်းနှင့် ဆုတံဆိပ်ရရှိခဲ့ကြသော အားကစားသမားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)