တာချီလိတ် ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ သင်တန်းသူများ အတွေးအခေါ်အသိပညာဗဟုသုတများ ရရှိတိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက သင်တန်းသူများအနေဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ မှန်ကန်တဲ့အသိ၊ အတွေးအခေါ်အယူအဆများ ရရှိလာစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ စာပေဖတ်ရှုသည့် အလေ့အထအလေ့အကျင့်ကောင်း၏ အကျိုးကျေးဇူးများနှင့် အားလပ်ချိန်များတွင် စာဖတ်ခြင်းဖြင့် မိမိဘဝကို မြှင့်တင်နိုင်ပြီးရရှိသော အသိဉာဏ်ပညာဗဟုသုတများဖြင့် မိမိတို့၏ ရပ်ရွာအကျိုး ဒေသအကျိုးပြုကြစေရန် စသည့်အကြောင်းအရာများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပက်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးမြင့်သန်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များအား သင်တန်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)