အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောခြင်းနှင့် ပြိုင်ပွဲများ ကျင်းပ

နေပြည်တော် ဇွန် ၂၅

၂၀၂၄ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စာရေးဆရာ ခိုင်မင်း(နေပြည်တော်)က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကိုလည်းကောင်း၊ စာရေးဆရာ နွေဦးကိုကိုက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ပြုလုပ်ပြီး တာဝန်ရှိသူများက ဆုရရှိသူများအား အမှတ်တရဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)