တောင်ကြီး ဇွန် ၂၅
ရှမ်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ ၂ဝ၂၄ - ၂ဝ၂၅ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ မြသီရိခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒု-ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ)မှ ဒေါက်တာအောင်အောင်မျိုးက ကျောင်းသူ/ ကျောင်းသားများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော၍လည်းကောင်း၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်၊ ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)မှ ဒေါက်တာမေမင်းသိမ့်က ကျောင်းသား/သူများအား သန်ကောင်ရောဂါအကြောင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းအကြောင်းတို့အားလည်းကောင်း အသိပညာပေးဟောပြောကြသည်။
ယင်းနောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများတို့က အဆိုပါကျောင်းပင်မ(၁)ကျောင်းဆောင်၌ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၏ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေးခြင်းနှင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီးနောက် မူကြိုကျောင်းဆောင်ရှိ မူကြိုကလေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက(ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး) ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် တောင်ကြီးမြို့နယ်ပညာရေးမှူး အ.ထ.က(၄)ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)