တောင်ကြီးမြို့၌ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်ကြီး ဇွန် ၂၅

ရှမ်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီး၍ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ မြသီရိခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ)မှ ဒေါက်တာအောင်အောင်မျိုးက ကျောင်းသူ/ကျောင်းသားများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော၍လည်းကောင်း၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်၊ ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)မှ ဒေါက်တာမေမင်းသိမ့်က ကျောင်းသား/သူများအား သန်ကောင်ရောဂါအကြောင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းအကြောင်းတို့အားလည်းကောင်း အသိပညာပေးဟောပြောကြသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး‌  ပြည်နယ်အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများတို့က အဆိုပါကျောင်း ပင်မ(၁)ကျောင်းဆောင်၌ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၏ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေးခြင်းနှင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီးနောက် မူကြိုကျောင်းဆောင်ရှိ မူကြိုကလေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ပြည်နယ်အမျိုးသမီးကော်မတီနာယက  ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ် ပညာရေးမှူး အထက(၄)ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)