ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး

ပျဉ်းမနား ဇွန် ၂၄

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ပျဉ်းမနားမြို့အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၁၀၆) ဆိုင်ရှိသည့်အနက် ()ဆိုင်မှာ ယာယီပိတ်သိမ်းထားရှိပြီး ဖွင်လှစ်ရောင်းချလျက်ရှိသောအရောင်းဆိုင် (၁၀၀) အား အရည်အသွေး၊ အခြင်အတွယ်ပြည့်ဝမှန်ကန်မှု ရှိ/မရှိနှင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ တို့အားဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် လစဉ်ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင် (၉၄) ဆိုင်အားလည်းကောင်း၊ ဇွန်လ(၁)ရက်နေ့မှ(၂၃)ရက်နေ့အတွင်း စက်သုံးဆီအရောင်းဆိုင် (၁၅) ဆိုင်အားလည်းကောင်း အရောင်းဆိုင်စုစုပေါင်း (၁၀၉ဆိုင်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်၍ ပထမ (၆) လတာ ကာလအတွင်း (၁၀၀) ရာခိုင်နှုန်း ကျော် စစ်ဆေးဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့သော အရောင်းဆိုင်များမှာ အရည်အသွေး၊ အခြင်အတွယ် ပြည်ဝမှန်ကန်မှုရှိကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။

စက်သုံးဆီကြီးကြပ်စစ်ဆေးရေးအဖွဲ့များ မြေပြင်ကွင်းဆင်းစစ်ဆေးရာ၌ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းမပြုမီ စက်သုံးဆီအခြင်အတွယ်အား ပြည့်ဝမှုရှိ/မရှိ နေ့စဉ်စစ်ဆေးပြီး ကိုက်ညီမှန်ကန်မှသာ ဖြန့်ဖြူးရောင်းချရန်လမ်းညွှန်ထားရှိပြီး ပြည့်ဝမှန်ကန်မှုမရှိဘဲ ရောင်းချခြင်း၊ အရည်အသွေးမပြည့်မီသော စက်သုံးဆီများအား ရောင်းချခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူသွားမည်ဖြစ်သည်။

ပြည်သူများ စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် အရည်အသွေး၊ အခြင်အတွယ်နှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၈) ဆိုင်ခန့်အား လစဉ်ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် အရည်အသွေး၊ အခြင်အတွယ်ပြည့်ဝမှန်ကန်မှုမရှိသော အရောင်းဆိုင်နှင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းထက်ကျော်လွန်ရောင်းချနေသော အရောင်းဆိုင်များတွေ့ရှိပါက နေပြည်တော်ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးအရာရှိရုံး၊ ပျဉ်းမနားမြို့ ဖုန်း ၀၆၇-၈၀၂၂၀၃၆ နှင့် တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေးအရာရှိ ၀၉-၅၂၄၀၃၆၃ သို့ သတင်းပို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)