နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အေလာ အုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်မိ/ရပ်ဖများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက် ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဆိုသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များ၊ အခြေခံလူသုံးကုန်ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေးနှင့် နိုင်ငံ၏ငွေကြေးတန်ဖိုးများ ခိုင်မာစေရေး၊ နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းများရရှိရေး ကြိုးစားဆောင်ရွက်ကြရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ကို နည်းစနစ်ကျကျ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊  နိုင်ငံတော်အနေ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်ပြီး အဖက်ဖက်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး အရင်းအနှီးများစိုက်ထုတ်၍ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေး၊ စားရေရိက္ခာပေါများစေရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ကြစေလိုကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့် စကားအတိုင်း လူငယ်လူရွယ်များအနေဖြင့်  စစ်မှုထမ်းဆောင်ရေးကို  တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြဖို့ လိုအပ်ပါကြောင်း၊  တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာပေါများ ရေးအတွက် အဓိက လိုအပ်ချက်မှာ ပြည်တွင်းထုတ်ကုန်များ ပြည့်ဝစွာထုတ်လုပ်နိုင်ရေး၊ စားသောက်ကုန်နှင့် လူသုံးကုန်များကို ပြည့်စုံလုံလောက်စွာဖြင့် ထုတ်လုပ်နိုင်ရန်နှင့် သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိအောင် ဆောင်ရွက် နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပြည်ပငွေသုံးစွဲမှုလျော့ချနိုင်မှာ ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ယခုထက်ပိုမို ကြိုးစားထုတ်လုပ်ကြရန်လည်း လိုအပ်ပါကြောင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို အထိုက်အလျှောက်လျော့ချနိုင်သဖြင့် ကျေးရွာအုပ်စုများအလိုက် သစ်တောစိုက်ခင်းများ စိုက်ပျိုးရန်နှင့် သစ်တောပြုန်းတီးမှုများ မရှိစေရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊  ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်း နေရာခိုင်နှုန်း မြင့်မားတိုးတက်ရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊  ကျောင်းစာကြည့်တိုက်၊ ရပ်ကွက်/ကျေးရွာရွာများအတွင်း ဖွင့်လှစ်ထား ရှိသည့် စာကြည့်တိုက်များတွင် သုတရသ စာအုပ်စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက အထောက် အကူပြုပေးနိုင်သည့် စာအုပ်စာပေများ ထားရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းမျာတွင် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြား နိုင်ရေးဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ထို့အပြင် အားကစားပြိုင်ပွဲများကို ရပ်ကွက်/ ကျေးရွာများအတွင်း စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တက်ရာက်လာကြသည့် မြို့မိ/မြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်လွင်က လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းတက်ရာခိုင်နှုန်း၊ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများနှင့် မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မြို့မိ/မြို့ဖ များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပြန်လည်ရှင်းလင်း ဆွေးနွေး သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက အဆိုပါ အခြေခံပညာအထက်တန်းကျောင်း (အေလာ) တွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည်  အေလာအုပ်စု အတွင်းရှိ အောင်စက်မှုလက်မှု၊ စပါးနှင့် ပဲမျိုးစုံ ခြွေလှေ့စက် ထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိပြီး ခြွေလှေ့စက်များ ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပျံချီးကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျေးရွာအုပ်စုများမှ တောင်သူများနှင့်တွေ့ဆုံရာတွင် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးစန်းလွင်က စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် မိုးစပါးစိုက်ပျိုးရာ တွင် မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းမျာတွင် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး၊ စိုက်ပျိုး သီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလးထားဆောင်ရွက်ကြစေလိုကြောင်း ပြေားကြားသည်။

ယင်းနောက် တက်ရာက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ဂုဏ်မင်းအိုင်ကျေးရွာ ဂုဏ်မင်းအိုင်ကျောင်းတိုက် အေးငြိမ်းချမ်းသာ သဘာဝတရားစခန်းရိပ်သာ ဆရာတော် ဘဒ္ဒန္တပညာသီရိအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဂုဏ်မင်းအိုင်ကျောင်းတိုက် အေးငြိမ်းချမ်းသာ သဘာဝတရားစခန်းရိပ်သာ၌ တည်းခိုနေထိုင်ပြီး အခြေခံပညာကျောင်းများတွင် တက်ရာက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်နှင့်ဆီများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)